နိရဥ္စရာ၊ ဧပြီ ၃/ ၂၀၂၃
စစ်တွေမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် ပန်းချီကား လေလံတင်ရောင်းချပွဲမှ ရရှိသော အမြတ်ငွေများကို အသက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဟု သတင်းရရှိသည်။

ဧပြီလ ၁ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ ဦးအောင်ထွန်းဦး လမ်းရှိ Arakan Art Gallery ပန်းချီပြခန်း (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပန်းချီကားများကို လေလံတင်ရောင်းချခဲ့ရာ ပန်းချီကား (၈) ချပ် ရောင်းချနိုင်ခဲ့ပြီး ကျပ်သိန်း (၆၀) ခန့် ရရှိခဲ့သည်ဟု Arakan Art Gallery ပန်းချီပြခန်းတည်ထောင်သူ ကိုခိုင်သူရိန်က နိရဥ္စရာကိုပြောသည်။

” မီးပြတ်သွားတာကြောင့် အချိန်ပြည့်မကျင်းပလိုက်ရတဲ့အတွက် ပန်းချီကား ၈ ချပ်ကိုပဲ လေလံတင်ရောင်းချနိုင်ခဲ့ပြီး ကျပ်သိန်း ၆၀ လောက်ပဲ ဝင်ငွေရရှိခဲ့ပါတယ်”ဟု ပြောသည်။
လေလံတင်ရောင်းချနိုင်ခဲ့သည့်ပန်းချီကားများမှာ အိန္ဒိယမှ ပန်းချီဆရာ GIRISH ADANNARVAR ၊ ဆရာမြင့်နိုင်၊ ဆရာ သူရကျော်၊ ဆရာ ရွှေသိန်း၊ ဆရာ အောင်နိုင်၊ ဆရာ အောင်လင်းထွန်း၊ ဆရာမ နှင်းသီရိနှင့် ဆရာမ ဖြူစင်သန့်တို့၏ ပန်းချီကားချပ်များကို ရောင်းချခဲ့ရသည်ဟု သိရသည်။

ထိုအထဲတွင် မြောက်ဦးမှ လက်ဆည်ကန်၊ စစ်တွေမြို့မဈေးဟောင်း၊ ရှုခင်းသာလမ်း၊ ရွှေစေတီဘုန်းကြီးကျောင်းနှင့်အိန္ဒိယပန်းချီကားတို့ ပါဝင်သည်။
ယင်းအထဲတွင် အိန္ဒိယ ပန်းချီဆရာ GIRISH ADANNARVAR ၏ အိန္ဒိယပန်းချီကားမှာ အမြင့်ဆုံးစျေး ၁၆ သိန်းဖြင့် လေလံတင်ရောင်းချခဲ့ရပြီး ပန်းချီဆရာ မြင့်နိုင်၏ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ပန်းချီကားချပ်မှာ ကျပ် ၁၀ သိန်းနှင့် လေလံဆွဲသွားခဲ့သည်ဟု သိရသည်။

ယင်းနေ့က ပန်းချီကား ၈ ကို လေလံဆွဲယူသွားသဖြင့် ငွေကျပ် သိန်း ၆၀ အပြင် ပြခန်းအတွင်း ပြသထားသည့် အခြား ပန်းချီကား ၇ ချပ်ကိုလည်း လာရောက် အားပေးသူများက သီးသန့်ဝယ်ယူသွားခဲ့ကြသည့်အတွက် လေလံဖြင့်ရောင်းရငွေအပါအဝင် စုစုပေါင်း ကျပ်သိန်း ၈ဝ ခန့်ဖိုးအထိ ရောင်းချနိုင်ခဲ့သည်ဟုလည်း ကိုခိုင်သူရိန်က ဆိုသည်။
လေလံတင်ပန်းချီကားရောင်းချပွဲမှရရှိလာသည့် အကျိုးအမြတ်များကို ရခိုင်တွင် အားကြိုးမာန်တက် လုပ်ဆောင်နေကြသည့် အသက်ကယ်လူမှုအဖွဲ့အစည်းများအား လှူဒါန်းရန် စီစဉ်ထားသည်ဟုလည်း ကိုခိုင်သူရိန်က ပြောဆိုသည်။

အဆိုပါလေလံတင်ပွဲသို့ ဥရောပ၊ ပြင်သစ်၊ အမေရိကန်၊ ပိုလန်စသည့်နိုင်ငံများမှ နိုင်ငံခြားသူများ အပါအဝင် စစ်တွေမြို့မှ ပန်းချီစိတ်ဝင်စားသူများ စုစုပေါင်း လူဦးရေ ၅၀ ကျော်ခန့်က တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပြီး ကဗျာဆရာ၊ ဆရာမများကလည်း ကဗျာများရွတ်ဖတ်ခဲ့ကြသည်။
လက်ရှိတွင် Arakan Art Gallery ၌ ပန်းချီဆရာ ၂၄ ဦး၏ လက်ရာကောင်း ပန်းချီကား ၁၀၀ ကျော်ရှိပြီး ပန်းချီကား ၉၀ ရာခိုင်နှုန်းကို Arakan Art Gallery က ဝယ်ယူထားခြင်းဖြစ်ကာ ကျပ်သိန်း တစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံထားသည်ဟုလည်း သိရသည်။
Arakan Art Gallery ပန်းချီပြခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကိုခိုင်သူရိန်နှင့် အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုးသန်းတို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ (NN-12)
https://burmese.narinjara.com/news/detail/642adc1b1ca2b916d3b61807